သုက်ရည်ထဲ သွေးပါနေရင် ဘာဆက်လုပ်မလဲ
လိင်အာသာဖြေတယ်ဆိုတာ အမျိုးသားတွေအတွက် အပိုပိုက်ဆံမကုန်တဲ့ ပျော်စရာလေ့ကျင့်ခန်းတစ်ခုပါပဲ။ စိတ်ပြေလက်ပျောက် အာသာဖြေပြီးတော့မှ ကိုယ့်သုက်ရည်ကို ပြန်ကြည့်ရင်း သွေးပါနေတာမြင်လိုက်ရရင်တော့ ပျော်စရာတွေကနေ ပျက်စရာတွေ ဖြစ်ကုန်ပြီပေါ့။
ဘာတွေက သုက်ရည်ထဲ သွေးပါစေတာလဲ?
ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။ အခြေအနေအများစုမှာတော့ စိုးရိမ်စရာမရှိသလို သူ့အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ သုက်ရည်ထဲ သွေးပါစေနိုင်တဲ့ အကြောင်းရင်းတွေကတော့
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- လိင်မှတစ်ဆင့် ရောဂါပိုးတစ်မျိုးမျိုး ကူးစက်ခံရခြင်း
- လတ်တလောမှာ အမျိုးသား သားကြောဖြတ်ထားခြင်း
- ဆီးကျိတ်နဲ့ပတ်သက်တဲ့ ခွဲစိတ်ကုသမှုတစ်ခုခုကို လတ်တလောမှာ လုပ်ထားခြင်း
- အချိန်ကြာမြင့်စွာ လိင်ဆက်ဆံခြင်း
- ကြိမ်ဖန်များစွာ လိင်အာသာဖြေခြင်း
- ဆီးကျိတ်ကြီးနေခြင်းအပြင်
- ရှားပါးအခြေအနေတွေမှာ ဆီးကျိတ်ကင်ဆာကြောင့် သုက်ရည်ထဲ သွေးပါစေနိုင်ပါတယ်။
သွေးပါနေတဲ့ သုက်ရည်ဟာ အနီရောင်အတောက်၊ ပန်းရောင်၊ အညို ဒါမှမဟုတ် နီညိုရောင်သမ်းနေပြီး တစ်ခါတလေမှာ သွေးခဲစလေးတွေကိုပါ မြင်ရတတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဆီးသွားတဲ့အခါမှာလည်း သွေးပါတတ်ပါတယ်။
မဖြစ်မနေကုသဖို့ လိုအပ်လား?
ပုံမှန်အားဖြင့်တော့ သုက်ရည်ထဲ သွေးပါတာတစ်ခုတည်းနဲ့ ကုသမှုခံယူဖို့မလိုအပ်သလို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သုက်ရည်အရောင်က နဂိုအတိုင်း ပြန်ပြောင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်အေးရအောင် ဆရာဝန်နဲ့ ပြလိုက်တာပိုကောင်းပါတယ်။
ဆရာဝန်အနေနဲ့ ကိုယ့်မှာကြုံတွေ့နေရတဲ့ လက္ခဏာတွေအပြင် တခြားလိင်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးမှတ်တမ်းတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။ တခြားစစ်ဆေးမှုအနေနဲ့
- လိင်အင်္ဂါကို အနီးကပ်ကြည့်ရှုစစ်ဆေးတာ
- သွေးပေါင်ချိန်တာ
- ဆီးကျိတ်အခြေအနေကို စစ်ဆေးတာ
- ဆီးနမူနာစစ်ဆေးတာ
- သွေးစစ်တာ
- သုက်ရည်နမူနာကို စစ်ဆေးတာ
- လိုအပ်လာရင် အာထရာဆောင်းရိုက်တာ၊ MRI ဒါမှမဟုတ် CT Scan ဖတ်တာမျိုးတွေပါ လုပ်သွားမှာဖြစ်ပါတယ်။
ကုသမှုနည်းလမ်းတွေအနေနဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
၁။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေ ပေးသွားမှာဖြစ်ပါတယ်။
၂။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများအတွက် သင့်တော်တဲ့ ပိုးသတ်ဆေးတွေကို ပေးသွားမှာပါ။ သတိထားဖို့ကတော့ ပိုးသတ်ဆေးတွေအမျိုးမျိုးရှိသလို မတူညီတဲ့ပိုးသတ်ဆေးဟာ မတူညီတဲ့ရောဂါပိုးကို တိုက်ဖျက်ပေးတာဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးဝယ်သောက်လို့ လုံးဝမရပါဘူးခင်ဗျာ။
၃။ ဆီးကျိတ်ကြီးခြင်းအတွက် ဆီးကျိတ်ကို ပြန်ကျုံ့သွားစေတဲ့ ကုထုံးတွေနဲ့ ကုသပေးမှာဖြစ်ပေမယ့် အချိန်အနည်းငယ်တော့ ကြာနိုင်ပါတယ်။
၄။ လတ်တလော ခွဲစိတ်ကုသမှုတစ်ခုခုကြောင့် သွေးပါတာဆိုရင်တော့ ကုသမှုခံယူစရာမလိုဘဲ သတ်မှတ်ထားတဲ့ အကြိမ်ရေ (ယေဘုယျအားဖြင့် အကြိမ်ရေ ၂၀) ပြည့်တဲ့အထိ သုက်ရည်ထွက်သွားပြီးနောက်မှာ သုက်ရည်အရောင်က နဂိုအတိုင်းပြောင်းသွားမှာပါ။
၅။ တခြားသုက်ပို့ပြွန်နဲ့ ဆီးလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် သွေးပါတာဆိုရင်တော့ ဒီပိတ်ဆို့တဲ့အရာ (အရည်အိတ်၊ ကယ်လ်စီယမ်အနည်အနှစ်) တွေကို အသေးစားခွဲစိတ်ကုသမှုလုပ်ပြီး ဖယ်ရှားသွားမှာဖြစ်ပါတယ်။
၆။ ဆီးကျိတ်ကင်ဆာဆိုရင်တော့ ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုထုံး ဒါမှမဟုတ် ဟော်မုန်းကုထုံးများနဲ့ ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။
သုက်ရည်ထဲ သွေးပါခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ လိင်စွမ်းဆောင်ရည်နဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှုမရှိတာကြောင့် စိုးရိမ်စရာတော့ မလိုပါဘူးခင်ဗျာ။
ရဲမျိုးမြတ်